နုံချာတဲ့ဘဝ
စုတ်ပြတ်သတ်တဲ့
အခြေအနေ
လူတွေလူတွေကတော့
နှာခေါင်းရှုံ့ကာ
ရှောင်ကွင်းသွားကြတယ်
တချို့လူတွေက
ငါ့ကိုမြင်လို့နောက်ပြန်လှည့်သွားတယ်
တချို့ကတော့အော်ကြငေါက်ကြပေါ့
မတူသလိုမတန်သလို
တကယ်တော့
ငါလည်းလူသားတစ်ယောက်ပါ
တူတူပဲ
သူတို့လည်းဒီလေကိုရှူ
ဒီရေကိုပဲသောက်တာ
တောက်တောက်ပြောင်ပြောင်နဲ့သူတွေက
ပြောကြသေးတယ်
ငါ့ကို"သူတောင်းစားတဲ့"
အကြောင်းကြောင်းကြောင့်
ငါ့ဘ၀ကို
မရုန်းကန်နိုင်သေးပေမဲ့
မိဘတွေမရှိကတည်းက
ငါ...
ရုန်းကန်ဖို့အားအင်တွေလိုချင်ခဲ့မိတာ
ငါ့အသက်ကိုတောင်
နှစ်ဆလောက်ကြီးချင်ခဲ့မိတာ
ကျောင်းဆောင်တွေမြင်တိုင်း
စာသင်ချင်ခဲ့မိတာ
ဖေးမှမဲ့သူဆိုတာ ဗလာ
စာနာမဲ့သူကနတ္ထိ
သတ္တိတွေမွေးလိုက်ရင်း
အားငယ်စိတ်တွေကြီးစိုးလာတယ်
လူတွေသမုတ်ကြသလို
ငါ့ဘ၀ကို
တောင်းစားရင်အချိန်ကုန်မခံချင်တာတော့
အမှန်ပါ
ထိုးနှက်ချက်တွေများလာတော့လည်း
လောကကြီးရေ...
မင်းကိုငါခပ်ရိုင်းရိုင်းပဲပြောမယ်
မကျေနပ်ဘူးကွာ
အထင်သေးတဲ့အကြည့်တွေ
ရွံရှာတဲ့ အပြုအမှုတွေ
ငါသွားတဲ့နေရာတိုင်းမှာ
စကားပြောဖော်မရှိတာတွေ
ဒါတွေအားလုံးကို
တကယ်ကိုစိတ်ကုန်လှပြီ
ကလေးတစ်ယောက်ရဲ့
ကြုံးဝါးသံ
ပဲ့တင်မထပ်နိုင်မှန်းသိပါတယ်
ဒီမယ်လောကကြီး
မင်းသိအောင်တော့ပြောလိုက်ပြီ
ငါ...
လူဖြစ်လာတဲ့တစ်နေ့ရောက်ရင်း
မင်းကို...
ငါ...
ခါးစောင်းတင်ပြမယ်
(မိဘမဲ့ကလေးများအတွက်ခံစားရေးဖွဲ့သည်)

No comments:
Post a Comment