မျှော်လင့်ချက်
တစ်စက်နှစ်စက်နဲ့တင်
ပင်စင်စားခဲ့ရခြင်း
ငြင်းပယ်မှုတွေခါးသက်ပေမဲ့
တားရခက်တဲ့အိပ်မက်တွေနဲ့ပဲ
စွဲလန်းကြီးစွာ
နီးစပ်ချင်မိခဲ့သူ
အနေထိတဲ့မင်းအကြည့်တွေအောက်
ဒူးထောက်ကျရှုံးရတာ
ငါ့မာနတွေကိုက
အညှာလွယ်လွန်းတယ်
စွန့်ပယ်ခြင်းခံရတာတောင်
ယောင်နနနဲ့
ဖွဲ့နွဲ့ပြီး တယုတယချစ်ပြချင်မိသေးတာ
နင့်ဒဏ်ရာတွေအနာကျက်တဲ့တစ်နေ့
အတိတ်တွေမေ့လို့ရတဲ့အခါ
ငါ့ရင်မှာမှေးစက်လှည့်ပါလား
ငါဟာတကယ်တမ်းတော့
အကြွေပန်းကိုမှ နမ်းချင်သူ
မမွှေးကြူချင်လည်းနေပါစေတော့
လေတိုက်တိုင်း
ကိုင်းသွားတတ်တဲ့သစ္စာတရားတွေကိုပဲ
ထပ်တလဲလဲယိုးမယ်ဖွဲ့မိရင်း...
No comments:
Post a Comment