သို့/
မထက်ထက်နွယ်
ဦးဇွဲထက်မြင့်+ဒေါ်နွယ်သဇင်ငြိမ်း
ဖိတ်ကြားလွှာ
လူရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ပြုလုပ်ကျင်းပမည်ဖြစ်ပါသဖြင့်လူကြီးမင်းတို့ဧ။်သားသမီးများနှင့်အတူ တက်ရောက်ချီးမြှင့်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။
(ဦးတိုးတက်)
ကျောင်းအုပ်ကြီး
ဒီနေ့သမီးကျောင်းကပြန်လာတော့ ဖိတ်စာတစ်ခုပါလာတယ် ပညာရေးစုံညီပွဲကိုတက်ရောက်ဖို့တဲ့ သမီးလေးက အတန်းထဲမှာပထမရတယ်တဲ့နွယ် အတိုင်းပဲ သမီးလေးကစကား အရမ်းတတ်တယ်စာလည်း အရမ်းတော်တယ်နွယ် အခုတော့သမီးလေးအိပ်သွားပါပြီ ဒါတောင်မနဲ ချော့သိပ်လိုက်ရတယ်မနက်ဖြန်ကျရင်ကိုယ့်ကိုကျောင်းကိုလိုက်ခဲ့ပါတဲ့ ကိုယ်လည်းအလုပ်တွေအရမ်းရှုပ်ပြီးစိတ်မကြည်တာနဲ့ မအားဘူးလို့ မလိုက်နိုင်ဘူးလို့ငြင်းလိုက်တယ်အဲဒါနဲ့ကျောင်းဆင်းကတည်းကငိုနေတာ ခုမှပဲ တိတ်ပြီးအိပ်ပျော်သွားတော့တယ် သားလေးကတော့အကျင့်ကောင်းပါတယ် အစောကြီးကတည်းကအိပ်သွားတယ် ကိုယ်သ မီးကိုအားနာနေတယ်နွယ် ဘာဖြစ်လို့များသမီးတောင်းဆိုတာကိုငြင်းလိုက်မိလဲမသိပါဘူးကလေးတွေအတွက်ထူးချွန်လို့ဆုပေးတဲ့ပွဲမှာ မိဘတွေမပါရင်ဘယ်လောက်တောင်ဝမ်းနည်းဖို့ကောင်းလိုက်မလဲဆိုတာကိုယ် မတွေးမိလိုက်ဘူး ကိုယ့်အလုပ်တွေအတွက်ပဲခေါင်းထဲမှာပြည့်နေခဲ့တာ ဒါနဲ့ ဒီနေ့ကိုယ်ဘာဟင်းစားလဲသိလား နွယ် ဟိုဘက်အိမ်ကပေးတဲ့ဘူးသီး အချည်ဟင်း နဲ့စားတယ် အရမ်းမြိန်တာပဲနွယ် ထုံးစံ အတိုင်းတစ်ခွက်ကတော့ကြက်ဥကြော် ပေါ့ ကိုယ်တောင်ကြက်ဥကိုကောင်းကောင်းကြော်တတ်နေပြီနွယ် ကြက်သွန်နဲ့ရောပြီးလည်းကြော်တတ်နေပြီ မကျက်တကျက်လည်းကြော်တတ်နေပြီ အစုံ အစုံပါပဲ အကုန်တတ်နေပြီ နွယ်မရှိတော့ကတည်းက တခြားဟင်းတွေမစားရတာကြာပြီနွယ်ရယ် နွယ့်ရဲ့လက်ရာကို ကိုယ်သိပ်လွမ်းတာပဲ နေ့တိုင်းကြက်ဥကြော်နဲ့ပဲနှစ်ပါးသွားနေရတယ် ကြာတော့ကြက်ဥရုပ်တောင်ပေါက်ပေါက်လာပြီလို့ ကိုယ့်ကိုယ်ကို ထင်မိသေးတယ်ဘာတွေပဲလုပ်လုပ် ဘာတွေပဲဖြစ်နေဖြစ်နေ နွယ်ကိုကိုယ် အရမ်းသတိရတာပဲနွယ်ရယ် အလုပ်ကပြန်လာတိုင်း မီးဖိုချောင်ဘက်ကို အရင်သွားကြည့်မိတယ် အထဲမှာ နွယ်များ ဘာဟင်းကောင်းတွေချက်နေမလဲ ကြည့်ချင်လို့ပါ ဒါပေမဲ့ကိုယ်သွားလိုက်တိုင်းတွေ့ရတာတွေက မဲတူနေတဲ့ ဟင်းအိုးတွေနဲ့ ပြာတွေဖွေးဖွေးလှုပ်နေတဲ့ အခန်းကြီးကိုပဲတွေ့ရတယ်နွယ် နွယ်မရှိတော့မှန်းသိပေမဲ့ မသိစိတ်က ခြေဦးလှည့်ချင်နေတုန်း တခါတလေ ကိုယ်ပြန်လာလို့ မီးဖိုအခန်းတခါး ပွင့်နေရင် ဘာရယ်မဟုတ်ပျော်မိသေးတယ်နွယ် တကယ်တော့ နွယ်မရှိတော့ပါဘူး ခွေးတိုးလို့ပဲဖြစ်ဖြစ်ကြောင်ဝင်လို့ပဲဖြစ်ဖြစ်ပွင့်သွားတာပါ နွယ် နွယ်မရှိတော့မှာ နွယ့်တန်ဘိုးကိုပိုသိတယ်နွယ် လင်နဲ့မယား လျှာနဲ့သွားဆိုသလို နွယ်နဲ့ အဆင်မပြေတာ နွယ်နဲ့ရန်ဖြစ်ခဲ့တာတွေရှိပေမဲ့တကယ်တော့ နွယ်ကို ကိုယ့်ဘ၀အတွက် မရှိမဖြစ်လက်တွဲဖော်တစ်ဦးလိုသတ်မှတ်ခဲ့တာပါ ကိုယ့်ရဲ့ရှင်သန်ချိန်တွေအကုန်လုံးကိုနွယ်နဲ့ပဲ ကုန်ဆုံးချင်ခဲ့မိတာ ရန်ဖြစ်တဲ့အခါတိုင်းပြေပြေလည်လည်မဖြေရှင်းပဲ ဆဲဆို အော်ငေါက်ခဲ့မိတာတွေအတွက် ကိုယ်တကယ်တောင်းပန်တယ်နွယ်ရယ် ကိုယ့်ဒေါသကြောင့် မင်းကိုမလိုဘူးဆိုပြီး နွယ်ကို ရက်ရက်စက်စက်အော်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် တကယ်တော့ကိုယ်နောင်တရမိနေတယ်နွယ် အတူနေရတဲ့ အခါတန်ဘိုးကို မသိပေမဲ့ နွယ်မရှိတော့ကိုယ်မနေတတ်တော့ဘူးနွယ် ဒါလုပ်ရမလိုလို ဟိုဟာလုပ်ရမလိုလိုနဲ့ အရောင်ရောင် အမှားမှားပါပဲ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေပန်းတိုင်တွေဟာလည်း ယိုင်နဲ့နေပါပြီ နွယ်မရှိပဲကိုယ်တစ်ယောက်တည်းအားနဲ့ ဘယ်လိုဆက်ပြီးရုန်းကန်ရမှာလဲ သားငယ်လေးကိုတော့နို့ဘူးတွေ ပေးတိုက်ထားတယ် နွယ် သားငယ်လေးရဲ့ မျက်ဝန်းတွေက နွယ်ကိုတောင်းဆိုနေသလိုပဲ နွယ့်ကို လိုက်ရှာနေသလိုပဲနွယ် ခု သားငယ်လေးကို စကားစသင်ပေးနေပြီ ဖေဖေ ရယ် ရေရယ်ကိုတော့ ပီပီသသပြောတတ်နေပြီ ဒါပေမဲ့ကိုယ် အခက်တွေ့နေတယ်နွယ် ဒါက ရေပါဆိုပြီး ရေကိုပြပြီးသင်ပေးလို့ရတယ် ဒါက အိမ်ပါ ဒါကဖေဖေပါဆိုပြီးသင်ပေးလို့ရတယ်နွယ် သားလေးကိုခုထိမေမေဆိုတဲ့စကားလုံးကို ကိုယ်မသင်ပေးရသေးဘူး ဒါကမေမေပါဆိုပြီးပြရအောင် နွယ်ကမှ အနားမှမရှိတော့တာပဲကိုယ် အခက်တွေ့နေတယ် အလုပ်သွားခါနီးရင် သားလေးကိုဘေးအိမ်ကအဒေါ်ကြီးဆီမှာအပ်ထားခဲ့ရတယ် ကိုယ်စိတ်မချဘူးနွယ်ရယ်သားလေးကဘာမှ သိသေးတာမဟုတ်ဘူး မတော်တဲ့ဟာတွေ အတဲ့တဲ့ ဟာတွေစားမိမှ ဖြင့် အရမ်းစိတ်ပူတာပဲနွယ်ရယ် မနက်ဆိုလည်း ကိုယ်လေးနာရီထိုးလောက်ဆိုရင်နိုးနေပြီ သမီင်္းလေးကျောင်းသွားဖို့ ထမင်းချိုင့်ပြင်ပေးရ အ၀တ်အစားတွေပြင်ပေးရနဲ့ ဒီကြားထဲ သားလေးကစောစောနိုးနေရင် သားလေးကိုကျောပေါ်ပိုးရင်းနဲ့ မနက်တိုင်းမောနေတာပဲ သူငယ်ချင်းတွေကတော့ ၀ိုင်းပြောကြတယ် ကိုယ့်ကိုယ် နောက်အိမ်ထောင်ပြုပါလားတဲ့ မဖြစ်နိုင်ဘူးနွယ် ကိုယ့်ရင်ထဲမှာနွယ်တစ်ယောက်ပဲရှိစေချင်တာ တခြားတစ်ယောက်ကိုနွယ့်နေရာမှာ အစားထိုးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးနွယ် နွယ့်ရဲ့ ဆံပင်ရနဲ့လေးနဲ့ ပဲကိုယ်အိပ်စက်ချင်တာ ကိုယ့်ဘေးမှာနွယ်နဲ့ပဲ ကိုယ့်ရဲ့ညတွေကိုကုန်ဆုံးချင်တာ ကိုယ်တို့သမီးလေးဟာလည်းအရမ်းစကားတတ်တယ်နွယ် နွယ့်နေရာကို ဘယ် အမေနဲ့မှအစားထိုးချင်မှာမဟုတ်ဘူး ပြီးတော့ကိုယ်တို့သားလေး ဘာမှမသိသေးတဲ့သားလေးကိုလည်း ဒါသားရဲ့မေမေပါဆိုပြီး မပြောချင်ဘူးနွယ်သားလေးကဘာမှသိသေးတာမဟုတ်ဘူး စိတ်ရှုပ်တယ်နွယ် နွယ်မရှိတော့ကတည်းကကိုယ့်ဘ၀ကြီးလည်းဘာတွေဖြစ်နေမှန်းကိုမသိတော့ဘူးတက်မရှိတော့တဲ့လှေငယ်တစ်စင်းလိုပဲ ဦးတည်ချက်မဲ့စွာနဲ့ ပဲ လှိုင်းလုံးတွေကြားမှာ ၀ဲလည်လည်ဖြစ်နေပြီ အလုပ်ထဲမှာလဲစိတ်မပါတော့ဘူး ဟိုစိတ်ပူရဒီစိတ်မချရနဲ့ ဘာကိုမှ အလေးမထားနိုင်တော့ဘူးနွယ် ပြီးတော့ ဂုဏ်တွေငွေတွေကိုလည်းစိတ်ကုန်လာပြီနွယ် ကိုယ့်မှာတိုက်တစ်လုံးကားတစ်စီးရှိတာပဲ အဆင့်အတန်းမြင့်မြင့်ကြီးမဟုတ်တောင် လူလူသူသူကတော့နေနိုင်ပါတယ် ဒါပေမဲ့ဘာလုပ်မှာလဲ ဘ၀မှာဒါတွေကလိုပါတယ် ဒါပေမဲ့သူတို့တွေက ဘာမှလုပ်မပေးနိုင်ဘူး ကိုယ့်သားလေးတွေသမီးလေးတွေကိုသူများတွေနဲ့ပစ်ထားပြီးစီးပွားရှာနေတော့ရော ဘာလုပ်မှာလဲ အရာရာပြည့်စုံနေပေမဲ့ မေတ္တာ ကရုနာတွေသာကင်းမဲ့နေမယ်ဆိုရင် ဘာမှမပိုင်ဆိုင်ရသလိုပဲ ကိုယ်လိုချင်တဲ့မိသားစုဘ၀က တစ်ရောက်တစ်နေရာစီမှာနေရင်းငွေအတွက်နဲ့ ဘ၀တွေကို ရင်းနှီးမြုပ်နှံလိုက်ရလိုမျိုးမဟုတ်ဘူးနွယ် ငွေက ကိုယ်တို့ဘ၀တွေကို ပိုင်စိုးမခံနိုင်ဘူး ပျော်ပျော်ပါးပါးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမှရင်း ရှေ့ဆက်လျှောက်သွားချင်တာ ပစ္စည်းဥစ္စာတွေပြည့်စုံပေမဲ့ နွယ်မရှိတော့ အရာရာ မရှိတော့သလိုပဲ ကိုယ့်ဘ၀အတွက်အရာရာ ဟာ အဓိပ္ပာယ်မဲ့နေတယ် စိမ်းလန်းစိုပြည်မှုတွေမရှိဘူး ခြောက်ပေပတ်လည်ရှိတဲ့ ဒီကုတင်ကြီးပေါ်မှာ သားနဲ့သမီးကိုဘေးမှာသိပ်ရင်း နွယ်မရှိတော့တဲ့ကိုယ့်ရဲ့ညတွေဟာ သိပ်ချောက်ချားစရာကောင်းတယ်နွယ်တစ်ထောင့်တစ်ညပုံပြင်တွေလည်းကိုယ်တစ်ယောက်တည်းပဲပြောပြနေရတယ် နွယ် ဒီလောက်စောစောကြီး ကိုယ့်ကိုခွဲသွားလိမ့်မယ်လို့မထင်ခဲ့မိဘူး ထင်မှတ်မထားတာတွေဖြစ်လာတော့လည်းခံနိုင်ရည်တွေအရည်ပျော်နေပြီနွယ်ရယ် ငါဟာယောင်္ကျားပဲလို့ စိတ်တင်းပေမဲ့ တစ်ချို့ရက်တွေမှာ ငိုမိသေးတယ်နွယ် အသံတော့ မထွက်ပါဘူး သမီးလေးသိသွားရင်မကောင်းဘူးလေ ကိုယ်ကသားလေးနဲ့သမီးလေးရှေ့မှာရဲရဲ ၀ံ့ ၀ံ့နဲ့ အခက် အခဲတွေကိုရင်ဆိုင်ပြချင်တာ ခုလိုကိုယ် ငိုနေတာတွေ့လို့သမီးလေးစိတ်အားငယ်သွားရင်ဘယ်လိုလုပ်မလဲ အဆုံးသတ်တွေစောခဲ့တာကိုတော့ယူကြုံးမရဖြစ်မိတယ်နွယ်ရယ် ကိုယ်တို့နှစ်ယောက်အားခဲထားတဲ့အလှူပွဲကြီးပြီးအောင်တောင်နွယ်ကရှိနေမပေးတော့ဘူး နောက်နှစ်နှစ်လောက်ဆိုရင်သားလေးလဲသင်္ကန်းနိုင်နေပြီဟာကို အလှူပွဲကျရင်သားလေးက မောင်ရင်လောင်းအဖြစ်နဲ့ထမ်းစင်ပေါ်ကစီး ကိုယ်ကသပိတ်လွယ် နွယ်ကသင်္ကန်းပန်းရွက်ရင်းနဲ့ တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ရင်း လောကမှာငါတို့လောက်ဘယ်သူပျော်မလဲဆိုပြီး စိန်ခေါ်ရင်းခန့်ခန့်ကြီးနဲ့လမ်းလျှောက်ရမှာဘယ်လောက်တောင်ပျော်စ၇ာကောင်းလိုက်မလဲနွယ်ရယ် သားလေးကိုသင်္ကန်းစီးပေးပြီးရင် နွယ်နဲ့က ဆွမ်းအုပ်ကြီးကိုပွေ့ရင်း ရွာဦးကျောင်းကိုသွား ဟိုရောက်တော့ကိုယ်တို့ရဲ့ကိုရင်လေးက ဒကာကြီးနဲ့ဒကာမကြီးကိုခေါ် ကိုယ်တို့က ဘရားလို့ထူးရင်း ကန်တော့ကြနဲ့ လောကစီးစိမ်တွေချည်းပဲနွယ်ရယ်ကိုယ်လိုချင်တာ အဲဒါတွေပဲနွယ် မိသားစုနဲ့ပျော်ရွှင်ရတဲ့ အချိန် ကြည်နူးရတဲ့အချိန်တွေကိုကိုယ် မြတ်နိုးတာ လိုချင်တာ ဂုဏ်တွေငွေတွေဆိုတာ ဒါမျိုးတွေဘယ်တော့မှမပေးနိုင်ဘူး နောင်ဘ၀ဆိုတာသာရှိခဲ့ရင်လေ နွယ်နဲ့အတူဆုံနိုင်ခွင့်ကိုမက်မောမိသေးတယ်နွယ် အဲဒီအခါကျရင်တစ်ယောက်ကိုတစ်ယောက်နားလည်ပေးရင်း တိုင်ပင်ရင်း ကူညီရင်းဖေးမရင်းနဲ့ ကိုယ်တို့လိုချင်တဲ့မိသားစုဘ၀လေးကိုတည်ဆောက်ကြရအောင်နော် နွယ် ဘယ်သူကမှ စပြီးခွဲမသွားကြေး ဒါပဲနော်နွယ် နွယ်ရောနားထောင်နေလား နွယ့်ကိုစကားတွေအများကြီးပြောချင်ပေမဲ့ ဒီနေ့ညတော့ကိုယ်စောစောအိပ်လိုက်တော့မယ်နွယ် မနက်ကျရင်သမီးလေးနဲပကျောင်းကိုလိုက်သွားရဦးမယ်လေ စုံညီပွဲတော်ကို နွယ်မပါပဲမစုံမညီနဲ့တော့မသွားချင်ပါဘူးနွယ်ရယ် ဒါပေမဲ့သမီးလေးကလည်း မစုံမညီနဲ့သွားချင်မှာမဟုတ်ဘူးနွယ် နောက်နေ့မှနွယ်နဲ့စကားတွေဆက်ပြောကြမယကိုယ်အိပ်ပြီနော်နွယ်
No comments:
Post a Comment