ဒီနေ့ညနေကျောင်းဆင်းချိန်မှာ ကျွန်တော်တို့အတန်းသူအတန်းသားတွေအားလုံးမျက်နှာတွေစူပုပ်ပြီးပွစိပွစိဖြစ်နေကြတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတန်းပိုင်ဆရာမက 15 မိနစ်အချိန်ပိုယူလို့ပဲဖြစ်ပါတယ် ဆရာမကပြောဖူးတယ် 1 မိနစ်အချိန်ပိုယူပြီးသင်လည်းအချိန်ခိုးတာပဲ 2မိနစ်အချိန်ပိုသင်လည်းအချိန်ခိုးတာပဲတဲ့ ခုတော့ရောဘာဖြစ်လို့15 မိနစ် အချိန်ပိုယူလဲဆိုပြီးကျွန်တော်တို့တတွေမကျေမနပ်ဖြစ်နေကြတာပါ ထုံးစံအတိုင်း ကျွန်တော်တို့ဆိုတာက အချိန်နောက်ကျမှဝင်တဲ့ဆရာဆရာမကိုသာချစ်တာ အချိန်နောက်ကျမှဆင်းပေးတဲ့ ဆရာ ဆရာမတွေကိုတော့အားနာနာနဲ့မေတ္တာပို့ကြတာပဲ ဒါလည်းကျွန်တော်တို့ကျောင်းသူကျောင်းသားတိုင်းရဲ့ဓလေ့တစ်ခုမဟုတ်ပါလား ဆရာမကတော့ပြောပါတယ် ဒီအချိန်ပို15 မိနစ်မှာစာမသင်ပါဘူးတဲ့ ပုံပြင်တစ်ပုဒ်ပြောပြမယ်လို့ပြောပါတယ် တော်သေးတာပေါ့ဆိုပြီးနည်းနည်းစိတ်ပြေသွားကြတယ် ပြီးတော့ဆရာမကပုံပြင်စပြီးပြောပါတော့တယ်
"ဟိုး ရှေးရှေးတုန်းက လယ်သမားသားအဖနှစ်ယောက်ရှိသတဲ့ လယ်ယာတွေထွန်ယှက်စိုက်ပျိုးရင်းကျွဲတွေနွားတွေကို စောင့်ရှောက်ရင်းနဲ့ သူတို့ရဲ့လယ်စောင့်တဲလေးမှာနေထိုင်ကြသတဲ့ လယ်ယာတွေထွန်ယှက်စိုက်ပျိုးလို့ ကောက်ပင်တွေရိတ်သိမ်းလို့လည်းပြီးချိန် တဖြည်းဖြည်းနဲ့နွေဦးပေါက်ရာသီကိုရောက်လာခဲ့ပြီပေါ့ကွယ်ပတ်ဝန်းကျင်တခွင်လုံးမှာလည်း မြုပေါက်မြူဆိုင်းတွေနဲ့မှိုင်းနေပြီပေါ့ ဒီချိန်ဆိုရင် ကျေးငှက်သာရကာတို့လည်း အသိုက်လုပ်ကြ ဥဥကြနဲ့ တကျီကျီတကြာကြာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဆူညံနေပြီပေါ့ လယ်သမားကြီးရဲ့သားငယ်လေးဟာလည်း သူ့ရဲ့နွားညီနောင်တစ်ရှည်းကိုကျောင်းရင်းစားကျက်အနီးက သစ်ပင်ရိပ်မှာ အရိပ်ခိုနေလေရဲ့အဲဒီသစ်ပင်ကြီးရဲ့အပေါ်ဘက်ဆီကနေရုတ်တရက်ငှက်ပေါက်ကလေးတွေအော်သံကို ကလေးငယ်လေးကကြားလိုက်တယ်
ကလေးငယ်လည်းသိချင်စိတ်နဲ့တက်ကြည့်မယ်လုပ်သော်လည်း သစ်ပင်ရဲ့ပင်စည်ကအရမ်းကြီးမားပြီးဖြောင့်စင်းနေတာကြောင့် ဘယ်လိုမှတက်မရနိုင်ပဲ အခက်တွေ့တော့တာပေါ့ နောက်ဆုံးတော့သူအဖြေကိုသိသွားခဲ့တယ်အဲဒီသစ်ခေါင်းထဲကငှက်ငယ်တွေဟာကြက်တူရွေးပေါက်ကလေးတွေဆိုတာကိုအစာခွံ့ကျွေးဖို့ဝင်သွားတဲ့ငှက်မကြီးကတဆင့်သိသွားခဲ့တယ် ကလေးတို့ဘာဝ ကြက်တူရွေးပေါက်ကလေးတွေဆိုရင်လိုချင်ကြတယ်မလား စကားပြောသင်ပေးရင်းအစာခွံ့ကျွေးရင်းနဲ့ပျော်ရလို့ ထင်ပါရဲ့ ဒါနဲ့ကလေးငယ်လေးကို လယ်သမားကြီးကိုသွားပြီးပူဆာတယ် လယ်သမားကြီးကလည်းဘယ်လောက်မှပင်ပန်းတဲ့အလုပ်မဟုတ်တာကြောင်း ဖမ်းပေးမယ်လို့ ကတိပေးခဲ့တယ် တစ်ပတ်လောက်ကြာတော့ ကြက်တူရွေးငယ်လေးတွေလည်း အမွှေးအတောင်လေးတွေပေါက်စပြုလာခဲ့ပြီ လယ်သမားသားအဖနှစ်ယောက်လည်းကြက်တူရွေးပေါက်ကလေးတွေဖမ်းဖို့နှစ်ဘက်ဆွဲလွှကြီးကိုပခုံးပေါ်ထမ်းရင်းသစ်ပင်ကြီးဆီကိုလာခဲ့ကြတယ် သစ်ပင်ကြီးကိုလွှနဲ့ဆွဲလှဲပြီး ကြက်တူရွေးပေါက်ကလေးတွေကိုအသာအယာ ဖမ်းယူသွားမယ်ပေါ့ သစ်ပင်ကြီးနားလည်းရောက်ရော လယ်သမားကြီးကသစ်ပင်ကြီးကိုလှည့်ပတ်ကြည့်လိုက်တယ် ပင်စည်ကတော်တော်ကြီးနေတာနဲ့ လယ်သမားကြီးလည်းပျင်းရိသွားခဲ့တယ် မနက်ဖန်မှ လာဖမ်းကြတာပေါ့ကွာဆိုပြီးပြန်သွားကြတယ် အဲဒီအချိန်မှာတုန်လှုပ်ခြောက်ခြားနေသူတွေကတော့ကြက်တူရွေးပေါက်ကလေးတွေပဲဖြစ်ပါတယ်ဒီသစ်ပင်ကြီးကိုသာလှဲလိုက်မယ်ဆိုရင်အခန့်မသင့်ပါက သေတောင်သေသွားနိုင်တယ်မလား ဒါကြောင့်သူတို့ရဲ့မေမေကြက်တူရွေးမကြီးကို အလောတကြီး အပျံသင်ခိုင်းနေကြတယ် ကြက်တူရွေးမကြီးကလည်း သားငယ်သမီးငယ်တွေအတွက်စိုးထိတ်နေတယ်ခုချိန်မှာဘာတစ်ခုမှအကာအကွယ်မပေးနိုင်သေးဘူးလေ အပျံသင်ပေးဖို့ဆိုတာလည်း အမွှေးအတောင်လေးတွေက လိုသလောက်မှ မသန်မာသေးတာ လယ်သမားသားအဖရောက်လာတော့ ကြက်တူရွေးမကြီးမှာ ရတက်မအေးနိုင်ရှာခဲ့ဘူး နောက်ဆုံးတော့ ကြက်တူရွေးမကြီး ပျော်ရွှင်သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ မနက်ဖန်မှဆိုတဲ့စကားတစ်ခွန်းကြောင့်ပါပဲ ဒီစကားတစ်ခွန်းနဲ့တင် ကြက်တူရွေးမကြီးမှာသားငယ်သမီးငယ်တွေ အတွက်စိတ်ချသွားခဲ့ပါတော့တယ် နောက်တစ်နေ့ရောက်တော့ ကြက်တူရွေးငယ်လေးတွေစိုးထိတ်နေတဲ့ အတိုင်းလယ်သမား သားအဖထပ်မံရောက်လာပြန်တယ်ဒီတစ်ခေါက်မှာတော့ ငှက်မကြီးဟာစိတ်ချလက်ချနဲ့ ကိုအစာရှာထွက်သွားပါတော့တယ် လယ်သမားကြီးရဲ့နုတ်ဖျားမှ မနက်ဖန်မှဆိုတဲ့ စကားတစ်ခွန်းကြားလိုက်ရပြန်ပါတယ် ငှက်မကြီးယုံကြည်ထားသလိုဒီနေ့လည်းသစ်ပင်ကြီးကိုမလှဲမိပြန်ပါဘူး ဒီလိုနဲ့နောက်တစ်နေ့နောက်တစ်နေ့နဲ့လယ်သမားသားအဖနှစ်ယောက် အလုပ်မစမိကြပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာမနက်ဖန်မှလုပ်ရင်လည်းရတာပဲဆိုတဲ့ ယုံကြည်ချက်ကိန်းအောင်းနေလို့ပဲဖြစ်ပါတယ် ငှက်ငယ်တွေဟာ အမွှေးအတောင်တွေပေါက်ပြီးဟိုးအဝေးကြီးကိုပျံတက်သွားနိုင်တယ်ဆိုတာကိုသူတို့မေ့နေခဲ့ကြတယ် သူတို့သွားကြည့်တဲ့အချိန်တိုင်းငှက်ငယ်လေးတွေဟာသူတို့အတွက်ရှိနေဦးမယ်လို့သူတို့ထင်နေကြတယ် အပီအပြင်ဖမ်းမယ်ဆိုပြီးဆုံးဖြတ်ခဲ့တဲ့နေ့မှာလည်း သူတို့သားအဖနှစ်ယောက် အလုပ်မစဖြစ်ကြပါဘူး ဒီတစ်ကြိမ်မှာတော့ အလုပ်မစဖြစ်တာမဟုတ်ပါဘူး အလုပ်မစနိုင်တော့တာပါ သစ်ခေါင်းထဲကငှက်ငယ်လေးတွေဟာ ဝေဟင်မှာပျံဝဲရင်းသူတို့သားအဖနှစ်ယောက်ကိုလှောင်ရီနေကြတယ် ပြီးတော့ ဟိုး အဝေးကြီးကိုပျံတက်သွားကြသတဲ့ ပုံပြင်လေးကတော့ဒါပါပဲ မင်းတို့လည်းမနက်ဖန်မှလုပ်မယ်ဆိုပြီး အချိန်ဆွဲမထားကြနဲ့ မင်းတို့ရဲ့ပန်းတိုင်တွေ၊ အခွင့်အရေးတွေကလည်းငှက်ငယ်တွေလိုပဲ အမိအရ မဖမ်းဆုပ်နိုင်လိုက်ရင် ဟိုးး အဝေးကြီးကိုပျံတက်သွားနိုင်တယ် အဲဒီတော့ မင်းတို့ရဲ့ ရည်မှန်းချက်တွေကိုမြင့်မြင့်ထားပါ မျှော်လင့်ချက်တွေကိုရိုက်ချိုးဖို့ပြောတာတော့မဟုတ်ဘူး ဒါပေမဲ့ မနက်ဖန်တွေကိုတော့မင်းတို့တွေအပြီးအပိုင်နုတ်ဆက်လိုက်ကြတော့ မနေ့အချိန်တွေပြန်ခေါ်လို့မရသလို မနက်ဖန်ဟာလည်းမသေချာဘူး ဒီနေ့သာဘ၀ဖြစ်တယ် ဘယ်သူ့ရဲ့မနက်ဖန်မှမသေချာဘူး လယ်သမားသားအဖရဲ့မနက်ဖန်ဟာလည်းမသေချာဘူး ဆရာမရဲ့မနက်ဖန်လည်းမသေချာဘူး ဘယ်သူ့ရဲ့မနက်ဖန်မှမသေချာဘူး ဒါကြောင့်မင်းတို့ရဲ့ ရင်ထဲ ဦးနှောက်ထဲမှာ မနက်ဖန်ဆိုတာကြီးကိုအခုပဲလက်ပြနုတ်ဆက်လိုက်ကြပါ မင်းတို့ရဲ့မနက်ဖန်တွေကိုခင်တွယ်မနေပါနဲ့ ဒီနေ့ကိုပဲမြတ်နိုးကြပါ ဒီနေ့မှာပဲအလုပ်စလုပ်ပါ ဒီနေ့မှာပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားကြပါ ကဲဆင်းလို့ရပါပြီ
(မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ)
အဲဒီတော့မှာ ကျွန်တော်တို့ဆရာမကိုနားလည်လိုက်ကြတယ် ဒီပုံပြင်အကြောင်းကိုမနက်ဖန်မှမပြောချင်လို့ မနက်ဖန်ဆိုရင်မပြောဖြစ်မှာစိုလို့ အချိန်ပိုယူတယ်ဆိုတာကို ကျွန်တော်တို့နားလည်လိုက်ကြတယ်
No comments:
Post a Comment