ကြိုက်ရင်ကြိုက်သလိုကြိုက်သလောက်ဖတ်

WELCOME

WELCOME
အချိန်ကုန်ခံပြီးဖတ်.ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်

Tuesday, February 19, 2013

သိစေချင်တယ်



အတွေးစက်တွေကိုဖျောက်ဖျက်ဖို့
သောက်လက်စအရက်ကျန်တစ်ခွက်ကို
တစ်စက်မချန်အကုန်မော့လိုက်တယ်
အသဲထဲကဒဏ်ရာတွေများ
အနာကျက်မလားလို့ပါ
ရင်တွင်းအပူချိန်တိုးတာပဲအဖတ်တင်တယ်
မနေ့ညကအပြီးမသတ်သေးတဲ့
နီးစပ်ရေးကဗျာတစ်ပုဒ်ကို
မဟာအလုပ်လိုသဘောထားရင်း
အချောသပ်ရေးဖို့
နောက်တစ်နေ့ရွှေ့လိုက်ပြန်ပြီ
ဒီတစ်ညတော့
ငါ…ငိုမချမိသေးဘူး
နင်မရှိတဲ့ဘ၀မှာ
ချောက်ချားစရာညနက်တွေနဲ့
မနက်အမြန်လင်းဖို့ပဲ ဆုတောင်းနေမိတယ်
ပြောင်းလဲမရတဲ့ ကံကြမ္မာက
ဖန်လာသမျှတွေထဲမှာ
ငါ့အတွက်တော့ အဆိုးတွေချည်းပါပဲ
အနေနီးဖို့ကြိုးစားရင်း
သံယောဇဉ်ပျိုးပင်ပေါက်တွေလဲ
အညှောက်ထွက်ရင်းခြောက်သွေ့ကုန်ပြီ
ငါ့အိပ်မက်တွေ အခန်းမဆက်ပါရစေနဲ့တော့
အိပ်မက်နဲ့လက်တွေ့
ထိပ်တိုက်ဝှေ့တဲ့ အခါ
ငါ့ရင်ကိုပဲ နာကျင်စေလို့ပါ
သာမည အချစ်တစ်ခုအတွက်
မုန်းရက်သူကိုတော့ အပြစ်မတင်ပါဘူး
အသဲမှာနစ်ဝင်သွားတဲ့
မြှားတစ်စင်းကိုပဲ
ဓားထက်ထက်နဲ့ ခုတ်ထွင်းပစ်ချင်တယ်
ချစ်တယ်..ချစ်ပြီးရင်းချစ်တယ်
ဘယ်နှစ်ခါပြန်မေးမေး
ခပ်ရေးရေးနဲ့
နှလုံးသွေးရပ်မတတ်
ဆုံးဖြတ်ချက်တွေခိုင်မှာနေတယ်
အချစ်ကိုဖွင့်ဆိုပုံချင်းမတူလို့
အယူအဆတွေကွဲလွဲ
သဲထဲရေသွန်ဖြစ်ခဲ့တဲ့
အတိတ်ရဲ့အချစ်နေ့တွေဆီ
စစ်ချီနေသူက ငါတစ်ယောက်တည်း
အထီးကျန်ဆန်တဲ့
ကန္တာရခရီးစဉ်မှာ
နင်တော့ပါမလာတော့ဘူး
တွဲလက်တစ်စုံကို
မက်မောမိသူကငါ
ဖျက်ဆီးပစ်သူကမင်း
တစ်လှမ်းချင်းခွဲထွက်သွားရာက
နင်နဲ့ငါ
ကမ္ဘာချီပြီးဝေးနေရပြီ
ရေးလက်စတွေအဆုံးသတ်
အရှုံးတွေရင်မှာပိုက်
ငါ့ကို မိုက်ရူးသူလို့ပဲပြောကြပါစေ
လောကမှာ
နင့်ကိုအချစ်ဆုံးဆိုတာတော့
သိစေချင်တယ်…

No comments:

Post a Comment